International News

ဩစတြေးလျ၏ နိုင်ငံတကာဝင်ထွက်ပေါက်များ နိုဝင်ဘာလတွင် ပြန်လည်ဖွင့်လှစ်မည်

Last Updated:

အသက် (၁၆) နှစ်အထက် လူဦးရေ ၈၀% ကျော်ကို ကာကွယ်ဆေးထိုးနှံပြီးစီးပါက နယူးဆောက်သ်ဝေးလ်ပြည်နယ်မှ စတင်၍ နိုင်ငံတကာဝင်ထွက်ပေါက်များကို နိုဝင်ဘာလတွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဩစတြေးလျအစိုးရက ၁-၁၀-၂၀၂၁ ရက်နေ့က  ကြေညာခဲ့ပါသည်။

ဩစတြေးလျ လေကြောင်းလိုင်း Qantas ကလည်း ၁၄-၁၁-၂၀၂၁ ရက်နေ့မှ စတင်ကာ နိုင်ငံတကာခရီးစဉ်များ ပြန်လည်ပြေးဆွဲရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ဝင်ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်သည်နှင့် ဆစ်ဒနီနှင့် လန်ဒန်အကြား အပတ်စဉ်လေယာဉ် သုံးစင်းနှင့် ဆစ်ဒနီနှင့် လော့စ်အိန်ဂျလိစ်သို့ အပတ်စဉ် လေကြောင်းခရီးစဉ် ၃ ခုကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ လေကြောင်းခရီးစဉ်များတွင် ခရီးသည် ၂၃၆ ဦး ဝင်ဆံ့သည့် Boeing 787-9 Dreamliners များ ပါဝင်မည်ဖြစ်ပြီး၊ လိုအပ်ပါက လေယာဉ်များ ထပ်တိုး ပျံသန်းမည်ဖြစ်ပါသည်။ Qantas လေကြောင်းဖြင့် လိုက်ပါသည့် ခရီးသည်များသည် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများဖြစ်ရန် လိုအပ်ပြီး၊ ခရီးစဉ်တစ်လျှောက်လုံး mask တပ်ဆင်ထားရန် လိုအပ်ကြောင်း သိရှိရပါသည်။

အောက်တိုဘာလကုန်တွင် QR ကုဒ်ပါဝင်သည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း နိုင်ငံတကာ သက်သေအထောက်အထားလက်မှတ်များဖြင့် ဝင်ရောက်ခွင့်ရနိုင်မည်ဖြစ် ပြီး၊ ယင်းလက်မှတ်များကို ဩစတြေးလျအစိုးရ၏ ဝန်ဆောင်မှု Portal ဖြစ်သည့် mygov မှ ရယူနိုင်မည်ဖြစ်ကြောင်းနှင့် အစိုးရသည် ဩစတြေးလျ နိုင်ငံတကာ ဝင်ထွက်ပေါက်များတွင် ပြည်ပမှ ဝင်ရောက်လာမည့် ခရီးသွားများအနေဖြင့် တင်ပြရန် လိုအပ်သည့် နိုင်ငံတကာကိုဗစ်ကာကွယ်ဆေးလက်မှတ် (International COVID-19 Vaccine Certificate) အစီအစဉ်ကို စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဩစတြေးလျနိုင်ငံ၊ Therapeutic Goods Administration (TGA) က အသိအမှတ်ပြုသည့် ကာကွယ်ဆေး  (၂) ကြိမ် ထိုးနှံပြီးသည့် ဩစတြေးလျနိုင်ငံသားများနှင့် အမြဲနေထိုင်သူများသည် ဟော်တယ်များတွင် Quarantine (၂) ပတ်နေထိုင်ရမည့်အစား မိမိတို့နေအိမ်တွင် Quarantine (၁) ပတ်သာ နေထိုင်ရတော့မည်ကြောင်း သိရှိရပါသည်။ TGA သည် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် Covishield နှင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Sinovac စသည့် ကာကွယ်ဆေးများကိုလည်း အသိအမှတ်ပြု ရန် သဘောတူညီထားကြောင်း သိရှိရပါသည်။

Covishield နှင့် Sinovac ကာကွယ် ဆေးအသုံးပြုထားသော နိုင်ငံများမှ သြစတြေးလျနိုင်ငံသားနှင့် နိုင်ငံတကာကျောင်းသားများအား ဝင်ခွင့်ပြုရန်အတွက် Covishield နှင့် Sinovac ကာကွယ်ဆေးကို အသိအမှတ်ပြုခြင်းသည် အရေးကြီးကြောင်း ဩစတြေးလျဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားထားပါသည်။ ကာကွယ်ဆေးမထိုးနှံ ရသေးသူများနှင့် အသိအမှတ် မပြုထားသည့် ကာကွယ်ဆေးထိုးနှံပြီးသူများကမူ ဩစတြေးလျနိုင်ငံသို့ ဆိုက်ရောက်ပါက ဟော်တယ် Quarantine (၂) ပတ် နေထိုင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး မထိုးနှံနိုင်သည့် အသက် (၁၂) အောက် နိုင်ငံသားနှင့် အမြဲနေထိုင်သူများကို ကာကွယ်ဆေးထိုးနှံပြီးသည်ဟု ယူဆမည်ဖြစ်ကြောင်းနှင့် အစိုးရသည် နယူးဇီလန်၊ စင်္ကာပူနှင့် တောင်ပစိဖိတ် ဒေသရှိ နိုင်ငံများနှင့် Quarantine ခရီးသွားကင်းလွတ်ခွင့်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

 

Source: www.abc.net.au

Category: International News